ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧက ၂ သန်းကျော် ထူထောင်စိုက်ပျိုးသွားရန်အတွက် ချေးငွေနှင့်နည်းပညာများ ပံ့ပိုးကူညီပေးမည်

မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ နှစ် ၃၀ စီမံကိန်းဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧက ၂.၂၇၃ ပျိုးထောင် စိုက်ပျိုးသွားမည် ဖြစ်၍ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းတည်ထောင် စိုက်ပျိုးလိုသူများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက နည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ရေရှည်တည်တံ့စေမည့် သစ်တောစီမံအုပ်ချုပ်မှု ပုံစံအသစ်ကို ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး သစ်တောကဏ္ဍ ဘက်စုံပင်မစီမံကိန်းအဖြစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများကို အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းနှင့် ဒေသခံများစုပေါင်းကာ စတင်ဆောင်ရွက်နေခြင်းကြောင့် လက်ရှိတွင် အစုအဖွဲ့ပေါင်း ၈၂၁ ဖွဲ့နှင့် နိုင်ငံတော်ပိုင်သစ်တောစိုက်ခင်း ဧကနှစ်သိန်းခန့်ကို စိုက်ပျိုးတည်ထောင်ထားပြီး ဖြစ်သည်။ ထို့အပြင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောပညာ လေ့ကျင့်ပညာပေးရေးဌာနနှင့် ပူးပေါင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတွင် စံပြသစ်တောစိုက်ခင်းဧက တစ်သိန်းကို တည်ထောင်သွားရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း တည်ထောင်လိုသူ ဒေသခံပြည်သူများအတွက် ချေးငွေများရရှိစေရန်နှင့် နည်းပညာများ ပိုမိုကျွမ်းကျင်စွာ အသုံးပြုလာနိုင်စေအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီသွားမည် ဖြစ်ကာ ဈေးကွက်ရှာဖွေခြင်းများအတွက်လည်း ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကြိုးပမ်းလျက် ရှိပါသည်။