Policy

မြန်မာနိုင်ငံ သစ်တောကဏ္ဍကို အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝ ဝန်းကျင်ထာဝစဉ် တည်ငြိမ်ရေးနှင့် ဂေဟစနစ်များ မျှတရေးတို့အတွက်  ဦးတည်၍ မူဝါဒများ ချမှတ်ကာ စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၉၅ခုနှစ်၊ မြန်မာ့သစ်တောမူဝါဒ သဘောထား ကြေညာချက်တွင် အမျိုးသားရည်မှန်းချက် ပန်းတိုင်များအား ပြည့်မီစွာ ဖော်ဆောင်နိုင်ရန်အတွက် သစ်တောမူဝါဒ၏ ပဓာနကျသော အချက်များကို အောက်ပါအတိုင်း ထုတ်နုတ် ဖော်ပြထားပါသည် -   

(၁)

ကာကွယ်ခြင်း

ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝဝန်းကျင်ကို ကာကွယ်ရမည်။

(၂)

ထာဝစဉ်တည်တံ့စေခြင်း

သစ်တောများမှရရှိနိုင်သည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးများကို စဉ်ဆက်မပြတ် ခံစားနိုင်ကြစေရန်၊ သစ်တောသယံဇာတ အရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေး အတွက် ထိန်းသိမ်းရမည်။

(၃)

အခြေခံစားဝတ်နေရေး လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း

ပြည်သူလူထုအတွက်လောင်စာ၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးရမည်။

(၄)

စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်း

သစ်တောသယံဇာတများမှရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝ အသုံးချရန် စီမံရမည်။

(၅)

ပြည်သူတို့က ပူးပေါင်းပါဝင်ဆောက်ရွက်လာစေခြင်း

သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်လာကြစေရန် ဆောင်ရွက်သွားရမည်။

(၆)

ပြည်သူအတွင်း နိုးကြားတက်ကြွသည့်အသိရှင်သန်စေခြင်း

နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများသည် အဓိက အခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း အသိရှင်သန်စေရန် လှုံ့ဆော်သွားရမည်။

 

 

မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ

နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် ယင်းနိုင်ငံ၏ ပြည်သူများ၊ ယာဉ်ကျေးမှု အမွေအနှစ်များ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတပစ္စည်းများပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒ ရည်မှန်းချက်မှာ ပြည်သူတစ်ရပ်လုံး၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စများကို ထည့်သွင်း ပေါင်းစပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုတို့ကို ရရှိစေရေးပင် ဖြစ်သည်။ နိုင်ငံတိုင်းသည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှုကို မထိပါးစေရန် သို့မဟုတ် အကျိုးစီးပွားကို မထိခိုက်စေရန် အထူး အလေးထား၍ မိမိနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီ မိမိနိုင်ငံပိုင် သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲနိုင်သည့် အချုပ်အခြာ အာဏာပိုင်ခွင့် ရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးနွယ်ဆက်များ၏ အကျိုးငှာ သဘာဝသယံဇာတပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ် စောင့်ရှောက်မှုကို ပဓာနကျသော ရည်မှန်းချက်အဖြစ် ထာဝစဉ် ထားရှိရမည်ဖြစ်သည်။